ငွေကြေးလိမ်လည်မှုများနှင့်ပတ်သက်၍ အများသတိပြုရန်
လတ်တလောတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအသွင်ဖြင့် လိမ်လည်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး လူပုဂ္ဂိုလ်တစ်ဦးတည်းမှ သိန်း (၉၀၀၀) ကျော် ဆုံးရှုံးခဲ့ရပါသည်။
၁။ ဖြစ်စဉ်အကျဥ်း
လိမ်လည်ခံရသူသည် Facebook social media အား စတင်ပေါ်ပေါက်သည့်အချိန်မှစ၍ Win Win Kyi အမည်ဖြင့် အကောင့်ဖွင့်လှစ်အသုံးပြုလာခဲ့ရာ၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် ခန့်ဝေမောင် (ခ) မောင်မောင်လွင် ဆိုသူ တစ်ဦးက ၎င်းထံသို့ Facebook မှတစ်ဆင့် ဆက်သွယ်လာခဲ့ပြီး စိတ်ဝင်စားဖွယ်ရာ ငွေကြေးအကျိုးအမြတ်ရရှိနိုင်သည့် ကမ်းလှမ်းချက်တစ်ခု လက်ခံရရှိခဲ့ပါသည်။
ဆက်သွယ်လာသူမှ ၎င်းတို့၏ Company မှတစ်ဆင့် အစုရှယ်ယာများ ဝယ်ယူစုဆောင်းခြင်းနှင့် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေရယူနိုင်ခြင်း စသဖြင့် မိတ်ဆက်ပြောဆိုကာ ဖျားယောင်းသွေးဆောင်ခဲ့ပြီး၊ ယုံကြည်မှုရှိစေရန်အတွက် Company အမည်မှာ ထူကြီးရှယ်ယာ ကုမ္ပဏီလီမိတက်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ လိပ်စာကိုလည်း အမည်တူ Company တစ်ခု၏ လိပ်စာအတိအကျဖြင့် ဖော်ပြကာ ၎င်း၏ မှတ်ပုံတင်ကိုလည်း ပြသခဲ့ပါသည်။
၂။ ငွေကြေးလွှဲပြောင်းမှုများ
ဆက်သွယ်လာသူ၏ မှတ်ပုံတင်နှင့် ကုမ္ပဏီရုံးခန်းလိပ်စာတို့အား မြင်တွေ့ရပြီးနောက် တရားဝင်လုပ်ငန်းဟု ယူဆမိသွားသော Daw Win Win Kyi သည် မိမိ စုဆောင်းငွေများကို ဆက်သွယ်သူ လိမ်လည်သူများထံ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ပါသည်။
ထို့နောက်
• မိမိ၏ မှတ်ပုံတင်ဖြင့်လည်းကောင်း
• အခြားမိသားစုဝင်များ၏ မှတ်ပုံတင်များဖြင့်လည်းကောင်း
လိမ်လည်သူများမှ ပေးပို့လာသည့် ဖုန်းနံပါတ်များသို့ Wave Pay မှတစ်ဆင့် ငွေများ စတင်လွှဲပြောင်းပေးခဲ့ပါသည်။ အကြိမ်ကြိမ်လွှဲပြောင်းပြီးနောက် စုစုပေါင်းလွှဲပြောင်းပေးလိုက်ရသော ငွေပမာဏမှာ ကျပ် သိန်းပေါင်း (၉,၆၅၀) ကျော်အထိ ရှိသွားခဲ့ပါသည်။
၃။ လိမ်လည်မှုအား စတင်သိရှိပုံ
မိမိရင်းနှီးမြှုပ်နှံငွေများနှင့်ပတ်သက်၍ အကျိုးအမြတ်တစ်စုံတစ်ရာ ပြန်မရလာသည့်အတွက် စိုးရိမ်လာသော Daw Win Win Kyi သည် မိမိလွှဲခဲ့သည့် ငွေများအား ပြန်လည်ထုတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ထိုအခါ လိမ်လည်သူများက နည်းဗျူဟာတစ်မျိုးဖြင့် ဘဏ်ငွေလွှဲပုံစံ အတုများဖန်တီး၍ ထိုငွေများထုတ်ယူရန်အတွက် “အခွန်” (သို့) ဝန်ဆောင်ခအဖြစ် Daw Win Win Kyi အား ငွေများ ထပ်မံလွှဲခိုင်းခဲ့ပါသည်။ နောက်ဆုံးတွင် ငွေလွှဲပုံစံအတုများဖြစ်ကြောင်း သိရှိခဲ့ရပြီး ယနေ့ အချိန်ထိ မည်သည့်ငွေမှ ပြန်လည်မရရှိခဲ့ပါ။
၄။ လိမ်လည်မှု၏ အင်္ဂါရပ်များ
ဤဖြစ်စဥ်တွင် အောက်ပါအချက်များသည် ပုံမှန် ငွေကြေးလိမ်လည်မှုတွင် မြင်တွေ့ရလေ့ရှိသည့် ထင်ရှားသော လက္ခဏာများဖြစ်သည် –
၁. ဖြားယောင်းခြင်း – မိမိနှင့် မသိသောလူတစ်ယောက်က အွန်လိုင်းမှတစ်ဆင့် အကျိုးအမြတ်များများရရှိစေမည်ဟု အာမခံကာ ငွေများထည့်ဝင်စေရန် ကမ်းလှမ်းခြင်း။
၂. တရားဝင်အသွင်ဆောင်ခြင်း – ကုမ္ပဏီလိပ်စာ၊ ဆက်သွယ်သူ၏ မှတ်ပုံတင်တို့အား ပြသပြီး ယုံကြည်လာစေရန် ပြုလုပ်ခြင်း။
၃. ငွေပြန်ပေးရန် အခက်အခဲဖန်တီးခြင်း – မိမိငွေပြန်တောင်းတိုင်း နောက်ဆက်တွဲ အကြောင်းပြချက်များပေးခြင်း။
၄. ထပ်မံ၍ ငွေကြေးတောင်းခံခြင်း – မူရင်းငွေ ပြန်လည်ရရှိစေရန် ထပ်မံ၍ ငွေလွှဲပေးပို့ခိုင်းခြင်း။
၅။ သင်ခန်းစာယူရမည့် အချက်များ (ဘယ်လိုကာကွယ်မလဲ)
ဤဖြစ်စဥ်မှ အများပြည်သူများ သိရှိသင့်သည့် အချက်များမှာ –
• မှတ်ပုံတင်ရှိရုံဖြင့် ယုံကြည်မှုပေးရန် မလုံလောက်: လူပုဂ္ဂိုလ်တစ်ဦးသည် မှတ်ပုံတင်ရှိခြင်းဖြင့် ၎င်းတို့ ရိုးသားသည်ဟု ယေဘယျအားဖြင့် မသတ်မှတ်နိုင်ပါ။ ၎င်းမှတ်ပုံတင်သည် အတုလည်း ဖြစ်နိုင်သလို၊ တရားဝင် မှတ်ပုံတင်ဖြစ်လင့်ကစား လိမ်လည်မှုများ ကျူးလွန်နိုင်ဖွယ်ရှိပါသည်။
• ကြိုတင်စစ်ဆေးပါ: မည်သည့်ကုမ္ပဏီသို့မဆို ငွေမလွှဲမီ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (ဥပမာ – ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန – DICA) ၏ ဝက်ဘ်ဆိုက်တွင် သွားရောက်စစ်ဆေးပါ။
• အာမခံချက်မရှိသော အမြတ်ငွေ: အတိုးနှုန်းချိုသာခြင်း၊ အစုရှယ်ယာဝယ်ယူခွင့်ပြုခြင်း စသည့် ကမ်းလှမ်းချက်များသည် ပုံမှန်ဈေးကွက်ထက် ပိုမိုသက်သာနေပါက၊ ပိုမိုအကျိုးအမြတ်ရှိနေပါက သတိထားပါ။
• ငွေလွှဲနည်းလမ်း: တရားဝင်ကုမ္ပဏီကြီးများသည် ငွေပေးချေမှုအား ကိုယ်ပိုင် (ပုဂ္ဂလိက) Wave Pay အကောင့်များသို့ လွှဲခိုင်းလေ့မရှိပါ။ ကုမ္ပဏီအမည်ဖွင့်ထားသော ဘဏ်စာရင်းသို့သာ လွှဲခိုင်းလေ့ရှိသည်။
• ဒုတိယအကြိမ်လိမ်ခံရမှု သတိ: မိမိငွေ ပြန်လည်ထုတ်ယူရန် “ငွေထုတ်ခ” သို့မဟုတ် “အခွန်” အမည်တပ်၍ ငွေထပ်မံတောင်းခံလာပါက ၁၀၀% လိမ်လည်မှုဖြစ်သည်။
အကြံပြု မေတ္တာရပ်ခံချက်-
ဤကဲ့သို့ အွန်လိုင်းမှ အုပ်စုဖွဲ့ ငွေလိမ်လည်နေသူများနှင့် ကုမ္ပဏီများအား ဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရန်အတွက်လည်းကောင်း၊ မိမိ၏ ဆုံးရှုံးငွေများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်လည်းကောင်း၊ ဖော်ပြပါသကဲ့သို့ သံသယဖြစ်ဖွယ်ရာ ဖြစ်စဉ်များနှင့် ကြုံတွေ့ခဲ့ပါက မည်သည့်ငွေကြေးလွှဲပြောင်းမှုမှ မပြုလုပ်ပဲ သက်ဆိုင်ရာ ဘဏ်များသို့ ဆက်သွယ်အကြောင်းကြားရန် အကြံပြု မေတ္တာရပ်ခံအပ်ပါသည်။




